အင်ပါယာ၏ သင်္ချာလှည့်ကွက်၊ စီးပွားရေး ခေါင်းပုံဖြတ်မှုနှင့် ကိုလိုနီပြုခံ စိတ်ဓာတ်
ယူကေ ပြည်ထဲရေးဝန်ကြီးဌာန (UK Home Office, 2026) က မြန်မာအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေက ကျောင်းသားတွေကို ဗီဇာရပ်ဆိုင်းလိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာလူမှုကွန်ရက်တွေပေါ်မှာ အတော်လေး ငြင်းပွားနေကြပါတယ်။ ဒီဖြစ်ရပ်မှာ ကျမတို့ မျက်မြင်တွေ့နေရတာက အလွှာထပ်နေတဲ့ အကြမ်းဖက်မှု (Multi-layered violence) ကြီးပါပဲ။ ပထမတစ်ခုက အင်ပါယာဟောင်းကြီးရဲ့ ဒေတာအချက်အလက် လှည့်စားမှု၊ ဒုတိယက ကိုလိုနီသစ် နိုင်ငံရေး-စီးပွားရေး ယန္တရားရဲ့ ရက်စက်တဲ့ ခေါင်းပုံဖြတ်မှုဖြစ်ပြီး၊ တတိယနဲ့ အနာကျင်ရဆုံး အကြမ်းဖက်မှုကတော့ အဲ့ဒီအင်ပါယာရဲ့ မျက်စိနဲ့ ကိုယ့်အချင်းချင်းကို ပြန်လည်စစ်ဆေးကြပ်မတ်နေကြတဲ့ (Internalized policing) ကိုလိုနီပြုခံ မြန်မာအထက်တန်းလွှာတွေရဲ့ ကြောင်သူတော်ဆန်မှုပါပဲ။
ယူကေ ပြည်ထဲရေးဝန်ကြီးဌာနက "၁၆ ဆ တိုးလာတယ်" တို့၊ "အာဖဂန်ကျောင်းသား ၉၅ ရာခိုင်နှုန်း ကူးပြောင်းတယ်" တို့ဆိုပြီး ပိုင်းခြေကိန်းဂဏန်း (Denominators) အတိအကျမချပြဘဲ လှည့်စားသွားတာကစပြီး ကြည့်ရအောင်ပါ။ ဒါဟာ ပြည်တွင်းရေးမှာ လက်ယာယိမ်း (Right-wing) တွေရဲ့ ထောက်ခံမှုရဖို့ နိုင်ငံရေးကစားကွက်အတွက် ဒေတာအချက်အလက်တွေကို လက်နက်သဖွယ် သုံးသွားတာပါ။
လက်တွေ့ သင်္ချာနဲ့ ယှဉ်ကြည့်ကြပါစို့။
၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကနေ ယူကေကို ကျောင်းသားဗီဇာနဲ့ ရောက်လာပြီး ခိုလှုံခွင့်တောင်းသူ စုစုပေါင်း လူ ၁၀ ဦးပဲ ရှိတယ်ဆိုပါစို့။ ၂၀၂၅ ခုနှစ် နိုင်ငံတော်ယန္တရား ပြိုလဲမှုနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် အသက်လုထွက်ပြေးရင်း အဲ့ဒီအရေအတွက်က ၁၆၀ ဦး အထိ ဖြစ်လာတယ်ဆိုရင်၊ သင်္ချာအရ တိတိကျကျ "၁၆ ဆ" (16-fold) တိုးလာတယ် ဆိုပြီး ဖြစ်သွားပါတယ်။ တစ်နှစ်ကို လူသိန်းနဲ့ချီ ဝင်ထွက်နေတဲ့ နိုင်ငံကြီးတစ်ခုအတွက် လူ ၁၆၀ ဆိုတာ ပင်လယ်ထဲက ရေတစ်စက်စာတောင် မရှိပါဘူး။ ဒါပေမယ့် လူဦးရေ အတိအကျကို ဖုံးကွယ်ပြီး "၁၆ ဆ ပေါက်ကွဲတိုးလာတယ်" လို့ သုံးလိုက်ခြင်းအားဖြင့် အခွင့်အရေးသမားတွေ ကျူးကျော်ဝင်ရောက်လာသယောင် ဇာတ်လမ်းဆင်လိုက်တာပါ။
သမိုင်းကို ပြန်ကြည့်ရင် အိန္ဒိယ ဒါမှမဟုတ် တရုတ်လို သူတို့ဆီ အရင်းအနှီး ယူလာပေးနိုင်တဲ့ ဩဇာကြီးနိုင်ငံတွေကို ယှဉ်ကြည့်ပါ။ အဲ့ဒီနိုင်ငံတွေကနေ ခိုလှုံခွင့်တောင်းသူ လူ ၁,၀၀၀ ကနေ ၁,၅၀၀ အထိ တိုးလာတယ်ဆိုရင် (လူ ၅၀၀ တောင် အသစ်တိုးလာတာဖြစ်ပေမယ့်) မီဒီယာတွေက "၁.၅ ဆ သာ တိုးလာတယ်" လို့ပဲ ဖော်ပြတဲ့အတွက် ဘယ်သူမှ မကြောက်လန့်သွားသလို၊ အဲ့ဒီနိုင်ငံတွေကိုလည်း ဗီဇာမပိတ်ပါဘူး။
ကိုလိုနီသစ် ယန္တရား၏ အမြတ်ထုတ်မှုနှင့် Migration as Decolonisation
ဒီလို ကိန်းဂဏန်းတွေနဲ့ လှည့်စားပြီး ဗီဇာပိတ်တာဟာ နိုင်ငံရေးပြဇာတ်သက်သက်ဖြစ်သလို၊ တကယ့်နောက်ကွယ်က ကိုလိုနီသစ် နိုင်ငံရေး-စီးပွားရေးယန္တရားကြီးရဲ့ ခေါင်းပုံဖြတ်မှုက ပိုလို့တောင် ဆိုးရွားပါသေးတယ်။ ယူကေဟာ နိုင်ငံတကာစာမျက်နှာမှာ လူ့အခွင့်အရေး ခေါင်းစဉ်တပ်ပြီး ဟန်ပြ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပြနေပေမယ့်၊ လက်တွေ့မှာ သူတို့ရဲ့ စီးပွားရေး စုပ်ယူမှုက ရပ်မသွားပါဘူး။
မှတ်တမ်းတွေအရ ယူကေပိုင်နက်များ (UK Territories) တွင် မှတ်ပုံတင်ထားသော ကော်ပိုရိတ်ကုမ္ပဏီများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အမြတ်အစွန်းများ ရယူခဲ့ပြီး၊ အဆိုပါလုပ်ငန်းများမှတစ်ဆင့် စစ်အုပ်စုထံသို့ ဒေါ်လာ ၂၃၉ သန်းကျော်
ဝင်ငွေစီးဆင်းခွင့် ပြုထားဆဲဖြစ်ပါတယ် (Justice For Myanmar, 2024)။
တပြိုင်နက်တည်းမှာပဲ၊ ဗြိတိသျှကောင်စီ (British Council) ကနေတစ်ဆင့် IELTS, IGCSE နဲ့ A-Level စတဲ့ စာမေးပွဲကြေးတွေအဖြစ် မြန်မာကျောင်းသားတွေဆီကနေ တစ်နှစ်ကို ပေါင် ၂၅ သန်းကနေ သန်း ၄၀ အထိ အမြတ်ထုတ် စုပ်ယူနေပါတယ်။ ဒါဟာ ပညာရေးဝန်ဆောင်မှုသက်သက် မဟုတ်ပါဘူး။ ကိုလိုနီဟောင်းဆီကနေ "အသိအမှတ်ပြုခံရဖို့" ပေးဆောင်နေရတဲ့ ကိုလိုနီခေတ်သစ် အသိပညာပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု (Epistemic extraction) ကြီးပါပဲ။
ဒီနေရာမှာ သတိပြုရမယ့် အရေးကြီးဆုံး အချက်တစ်ခုကတော့ ဥပဒေပညာရှင် E. Tendayi Achiume (2019)
အကျယ်တဝင့် တင်ပြခဲ့တဲ့ "Migration as Decolonisation" (ရွှေ့ပြောင်းသွားလာခြင်းသည် ကိုလိုနီစနစ်ကို တွန်းလှန်ဖြိုခွင်းခြင်း) ဆိုတဲ့ အယူအဆပါပဲ။ ဒါဟာ ပညာရှင် A. Sivanandan (2008) ရဲ့ သမိုင်းဝင်စကားဖြစ်တဲ့ "We are here because you were there" (မင်းတို့ အဲ့ဒီမှာ ရှိခဲ့လို့၊ ငါတို့ ဒီကို ရောက်လာတာ) ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။
အင်ပါယာဟောင်းကြီးဟာ ကျမတို့ရဲ့ သယံဇာတတွေ၊ အရင်းအမြစ်တွေ၊ ခွန်အားတွေကို နယ်စပ်ဖြတ်ကျော်ပြီး လာရောက်စုပ်ယူနိုင်ခွင့် ရှိခဲ့တယ်ဆိုရင်၊ အဲ့ဒီအကျိုးဆက်ကြောင့် နိုင်ငံတော်ယန္တရား ပြိုလဲပြီး အသက်အန္တရာယ်ကြုံလာရတဲ့အခါ ကိုယ်တိုင်ရဲ့ ရှင်သန်ခွင့်နဲ့ သူတို့ခိုးယူသွားတဲ့ အနာဂတ်တွေကို ပြန်လည်ရယူဖို့ (Reclamation) အင်ပါယာရဲ့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်းဟာ စနစ်ကို အလွဲသုံးစားလုပ်ခြင်း (Abusing the system) မဟုတ်ပါဘူး။ ဒါဟာ သမိုင်းကြောင်းအရ ဖြစ်လာရမယ့် အခြေခံဖွဲ့စည်းပုံဆိုင်ရာ ရလဒ် (Structural outcome) သက်သက်ပါ။ ခိုလှုံခွင့်တောင်းခံခြင်းဆိုတာ အင်ပါယာဆီကနေ ကိုယ့်ရဲ့ လုံခြုံခွင့်ကို ပြန်လည်တောင်းဆိုတဲ့ Decolonial လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။
ဝယ်ယူထားသော ခိုလှုံရာများနှင့် ပညာတတ်ဆိုသူများ၏ ကြောင်သူတော်ဆန်မှု
ဒါပေမယ့် ကျမကို ပိုရင်ကွဲစေတာက ဒီလို Structural နဲ့ Systemic violence ကြီးကို မြင်အောင်မကြည့်ဘဲ ကိုယ့်မြန်မာအချင်းချင်း၊ အထူးသဖြင့် ပညာတတ် စကော်လာဆိုသူတွေနဲ့ ထိုင်းမှာ ဗီဇာတစ်မျိုးမျိုးနဲ့ နေနိုင်ခွင့်ရနေသူတွေက ခိုလှုံခွင့်တောင်းတဲ့သူတွေကို “အခွင့်အရေးသမားတွေ”၊ “လှေစီးဒုက္ခသည် စိတ်ဓာတ်” ဆိုပြီး ဂေါက်ငမ်း၊ နှိပ်ချပြောဆိုနေကြတာပါပဲ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ယူကေက ခိုလှုံခွင့်တောင်းသူတွေကို အသံအကျယ်ဆုံး အပြစ်တင်နေကြသူ တချို့ကို သေချာကြည့်လိုက်ရင် ဘန်ကောက်တို့၊ ဇင်းမယ်တို့က ကွန်ဒိုတွေထဲကနေ စာရိုက်နေကြတာ တွေ့ရတယ်။ သူတို့ကိုယ်တိုင်လည်း ထိုင်းနိုင်ငံမှာ Education (Ed) Visa တို့၊ Volunteer Visa တို့၊ အထူးအခွင့်အရေး Elite/DTV Visa တို့ကို ငွေပေးဝယ်ပြီး နိုင်ငံတော်ပြိုလဲမှုကြီးထဲကနေ ရှင်သန်အောင် ရုန်းကန်နေကြရသူတွေချည်းပါပဲ။
တကယ်တော့ ယူကေမှာ ခိုလှုံခွင့်လျောက်တာဖြစ်ဖြစ်၊ ထိုင်းမှာ ပွဲစားနဲ့ ဗီဇာဝယ်တာဖြစ်ဖြစ် အားလုံးဟာ အသက်လုထွက်ပြေးရတဲ့ အခြေအနေမှာ မိမိကိုယ်ကို
ကာကွယ်ဖို့နဲ့ ရှင်သန်ဖို့ ကြိုးစားနေကြရတာချင်း အတူတူပါပဲ။ ဒါကိုတောင် ငါတို့က ပညာရေးလမ်းကြောင်းနဲ့ သွားတာ၊ မင်းတို့က အလွဲသုံးစားလုပ်တာဆိုပြီး Moral high ground ယူနေကြတဲ့ ပညာတတ်ဆိုသူတွေကို မြင်ရတာ သိပ်စိတ်ပျက်မိပါတယ်။ Michel Foucault (1980) ရဲ့ ပါဝါသီအိုရီကိုပဲ ပြန်သတိရမိပါတယ်။ လူတန်းစားအလွှာအသီးသီးကနေ ပိုင်ဆိုင်ထားကြတဲ့ လုပ်နိုင်စွမ်းတွေဟာ ဘယ်လိုမှ မတူကြပါဘူး။ ကိုယ်ရထားတဲ့ 'တရားဝင်မှု' ဆိုတာ Social capital ကောင်းကောင်းရှိလို့၊ မိဘအသိုင်းအဝိုင်းနဲ့ ငွေကြေးအရ ဝယ်ယူထားနိုင်လို့ဆိုတဲ့ အခွင့်ထူး (Privilege) တွေကို မျက်ကွယ်ပြုပြီး၊ လက်ထဲ အခွင့်အရေးလေးတစ်ခု၊ ပါဝါလေးတစ်ခု ရသွားတာနဲ့ အဲ့ဒီပါဝါကို သုံးပြီး ကိုယ့်ထက် အားနည်းသူတွေကို ဖိနှိပ်တတ်ကြတာ၊ "ငါက ပိုမြင့်မြတ်တယ်" ဆိုတဲ့ ခံယူချက်တွေက အရိုးစွဲ အသားကျနေတာ မြင်ရတာ အတော်လေးကို စိတ်ကုန်စရာပါ။
ဒီပညာတတ်ဆိုသူတွေဟာ ရွှေ့ပြောင်းသွားလာခြင်းကို Decolonisation အဖြစ် မမြင်နိုင်ဘဲ၊ ကိုလိုနီသခင်တွေ ချမှတ်ထားတဲ့ 'စည်းကမ်း' တွေကို ချိုးဖောက်သူအဖြစ်သာရှုမြင်နေကြတာဟာ သူတို့ရဲ့ တွေးခေါ်မှု ဘယ်လောက်အထိ ကျွန်ပြုခံထားရသလဲဆိုတာကို ပြသနေပါတယ်။
ကိုလိုနီပြုခံ စိတ်ပညာနှင့် နိဂုံး
အင်ပါယာရဲ့ မျက်စိနဲ့ ကိုယ့်အချင်းချင်းကို ပြန်ပြီး စစ်ဆေးကြပ်မတ်နေကြတဲ့ (Internalized policing) ကိုလိုနီပြုခံ စိတ်ဓာတ်တွေကို အတိုင်းသား မြင်နေရပါတယ်။ နိုင်ငံတကာ ဒုက္ခသည်ဥပဒေဆိုတာ ကိုယ်ကျင့်တရား ပြီးပြည့်စုံတဲ့ သူတော်စင်တွေကိုပဲ ကယ်တင်ဖို့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ ကိုယ်တိုင်က ပဋိပက္ခရဲ့ သားကောင် (Victims) တွေဖြစ်နေလျက်နဲ့ ကိုလိုနီသခင်ရဲ့ တရားဝင်မှု စံပေတံကို ကိုင်စွဲကာ အခွင့်အရေးလေးတစ်ခုရတာနဲ့ Perpetrators အဖြစ် ပြောင်းသွားကြတဲ့ သာဓကတွေထဲကလိုပါပဲ။
နိုင်ငံတစ်ခု ပြိုလဲသွားချိန်မှာ အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်သန်ခွင့်ကို ရှာဖွေကြမှာပါပဲ။ ရှင်သန်ဖို့ ကြိုးစားတာဟာ ကိုယ်ကျင့်တရား ဖောက်ပြန်တာ မဟုတ်ပါဘူး။ မသိနားမလည် အရာရာလက်လှမ်းမမှီတဲ့ သူတွေကို ဖေးမရမယ့်အစား၊ ကိုလိုနီသခင်ရဲ့ စံပေတံတွေနဲ့ ရှင်သန်ခွင့်ကို အဆင့်အတန်း ခွဲခြားနေသရွေ့တော့ ကျမတို့တွေ ကိုလိုနီစနစ်ရဲ့ နယ်ခြားစောင့် သားကောင်တွေအဖြစ် သံသရာလည်နေဦးမှာပါပဲ။ ပြင်ပက ဗီဇာရပ်ဆိုင်းမှုတွေထက် ပိုကြောက်စရာကောင်းတာက အင်ပါယာရဲ့ မျက်စိနဲ့အချင်းချင်းကို ပြန်လည်ဖျက်ဆီးနေတဲ့ ကျမတို့ရဲ့ ကိုလိုနီပြုခံ စိတ်ဓာတ်ပင် ဖြစ်ပါတယ်။
ကိုးကား
Achiume, E. T. (2019). Migration as decolonization. Stanford Law Review, 71(6),1509–1574. https://www.stanfordlawreview.org/print/article/migration-as-decolonization/
Foucault, M. (1980). Power/knowledge: Selected interviews and other writings, 1972–1977 (C. Gordon, Ed.). Pantheon Books. https://monoskop.org/images/5/5d/Foucault_Michel_Power_Knowledge_Selected_Interviews_and_Other_Writings_1972-1977.pdf
Justice For Myanmar. (2024). UK sanctions gap: Pipeline revenues and corporate extraction in Myanmar. Justice For Myanmar. https://www.financeuncovered.org/stories/uk-overseas-territories-enabling-huge-sums-to-flow-to-myanmar-junta
Sivanandan, A. (2008). Catching history on the wing: Race, culture and globalisation. Pluto Press.
UK Home Office. (2026, March 3). Statement on the suspension of student visas for nationals of Myanmar, Afghanistan, Sudan, and Cameroon. UK Government. https://www.gov.uk/government/organisations/home-office