စစ်မှန်ခြင်း၏ အနှစ်သာရ
“အေအိုင် (AI) က အချက်အလက်တွေကို အလွယ်တကူ ထုတ်ပေးနိုင်ပေမယ့် ကျွန်မတို့ လူသားတွေလို ကိုယ့်သက်တမ်းတစ်လျှောက် အတွေ့အကြုံ၊ ခံစားချက်နဲ့ အမှားတွေထဲက ပေါက်ဖွားလာတဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းနဲ့ မပြည့်စုံမှုရဲ့ စစ်မှန်တဲ့ အလှတရားကိုတော့ ဘယ်တော့မှ မရနိုင်ပါဘူး။”
ဟိုတစ်ရက်က ဖေ့စ်ဘွတ်ခ် (Facebook) မှာ ဆရာတစ်ယောက်ရဲ့ ပို့စ်တစ်ခု ဖတ်လိုက်ရပါတယ်။ "စာတစ်ပုဒ်က လူရေးထားတာလား၊ အေအိုင်ကို ရေးခိုင်းထားတာလား? အေအိုင်နဲ့ ရေးခိုင်းထားတာဆို ဟိုး ၂ မိုင်လောက်ကတည်းက လှမ်းမြင်တယ်" ဆိုတာမျိုးပါ။
ဒါလေးကို ကိုယ်တွေ့ ထောက်ခံချင်တာပါ။ တစ်ခုခုဆို အေအိုင်ကို မေးလိုက်လို့ရတယ်၊ "အလွယ်လေး" ဆိုတဲ့စကားက ဒီဘက်ခေတ်မှာ ခေတ်စားနေချိန်မို့ "သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေး" ဖြစ်မယ့်အကြောင်းလေး သတိပေးချင်မိပါတယ်။
ကိုယ်က စာသင်နေတဲ့ လူတစ်ယောက်၊ တစ်နေ့မှာ ၂၄ နာရီရှိရင် ၁၅ နာရီလောက်က စာဖတ်ရင်ဖတ်၊ မဖတ်ရင်ရေး၊ ကလေးတွေနဲ့ တချို့လူငယ်တွေရဲ့စာကို ဖတ်ကြည့်ပေးနေတာမို့ လူသားတစ်ယောက် ဖန်တီးထားတဲ့ အရာတွေရဲ့ "မပြည့်စုံမှုရဲ့အလှ" ကို တီးမိခေါက်မိ နေသူပါ။
ကျွန်မလိုပဲ စာနဲ့ အထိအတွေ့များတဲ့သူဆို ဖတ်ကြည့်လိုက်တာနဲ့ တန်းခံစားမိကြပါတယ်။ ဆားမပါတဲ့ “ဟင်းတစ်ခွက်” ကို မြည်းကြည့်လိုက်ရတဲ့ ခံစားချက်မျိုးပေါ့လေ။ ဟင်းတစ်အိုးလုံး ချက်ပြီးမှ .. "ဟာ သွားပါပြီ" ဆိုတဲ့ ခံစားချက်လိုမျိုးကြီး။
ဒီနေ့လို အေအိုင်ခေတ်မှာ အချက်အလက်တစ်ခုခု သိချင်တာ အလွယ်တကူ ရှာလို့ရပေမယ့် ဆက်စပ်တွေးခေါ်တဲ့ အလေ့အထ၊ နှိုင်းယှဉ်စဉ်းစား သုံးသပ်တဲ့ အလေ့အထ... ဒီလိုနေရာမှာတော့ အေအိုင်က အခုထိ လူကို မမီသေးပါဘူး။ အေအိုင်က အချက်အလက်တွေ အများကြီးကို အချိန်တိုတိုအတွင်း ရှာပေး၊ ထုတ်ပေးတဲ့ နေရာမှာ ခိုင်းလို့ကောင်းပေမယ့် ခိုင်းတဲ့ လူသားပေါ် မူတည်ပြီး ပေးလာတဲ့ အချက်အလက်တွေကလည်း အတော်ကို ကွာပါတယ်။
အေအိုင်က အပေါ်ယံလောက်ပဲ ပေးတာများပြီး၊ မေးတဲ့သူက ချင့်ချိန်စဉ်းစားပြီး အသေးစိတ် မေးခွန်းထုတ်နိုင်မှသာ သိပ်မဆိုးတဲ့ ရလဒ် ရနိုင်တာပါ။ သူနဲ့မတူတာက စူးစမ်းတာ၊ နှိုင်းယှဉ်တာ၊ စဉ်းစားချင့်ချိန် သုံးသပ်တာကိုတော့ ကျွန်မတို့ လူသားတွေက "အူဝဲ" လို့ အော်ပြီး လူ့ဘဝထဲ စရောက်ကတည်းက လုပ်လာကြတာပါ။
ကျွန်မတို့ ဘဝသက်တမ်းတစ်လျှောက် ကြုံလာရတဲ့ အတွေ့အကြုံတွေ၊ ခံစားခဲ့ကြရတဲ့ ပျော်ရွှင်မှု၊ နာကျင်မှုတွေ၊ ချစ်ခြင်းမုန်းခြင်းတွေ၊ အမှားတွေအပြင် လဲကျခဲ့တဲ့အချိန်တွေက ပြန်ရုန်းထခဲ့ကြတဲ့ အတွေ့အကြုံတွေ... ဒါတွေအားလုံးကို အေအိုင်ဟာ ကျွန်မတို့ လူသားတွေလို ဘယ်တော့မှ မရနိုင်ပါဘူး။
ဒါကြောင့်ပဲ ကိုယ်က အေအိုင်ခေတ်မှာ ပြည့်စုံစွာ ဖော်ပြရေးသား ပြင်ဆင်ထားတာထက်၊ လူတွေရဲ့ အတွေးအမြင်နဲ့ ရေးသားထားတဲ့၊ တသားတည်း ဖြစ်မနေတဲ့ အပိုင်းအစလေးတွေကလာတဲ့ စစ်မှန်မှုရဲ့ အနှစ်သာရကို ပိုပိုပြီး နှစ်ခြိုက်လာပါတယ်။ စကားကြီး စကားကျယ် ဆိုရရင်တော့ ကွဲပြားစုံလင်ပြီး မညီမျှမှုတွေနဲ့ ပုံဖော်ထုဆစ်ထားတဲ့ မပြည့်စုံခြင်းရဲ့ အလှတရားကို ပိုလို့ တောင့်တလာမိတော့တာပါပဲ။
ဒါကြောင့်လေ ဒီခေတ်လူငယ်တွေကို မှာချင်တာကတော့... အချက်အလက်အမှန်နဲ့ အပေါ်ယံ လှပမှုတွေထက် ရဲရဲကြီးတွေးပြီး ရဲရဲကြီးမှားကြရင်းကနေ ရလာမယ့်၊ ကိုယ်တွေ့ခံစားရင်း သိလာမယ့် အတွေ့အကြုံကနေရတဲ့ "ခံစားသိ" အတတ်တွေကို ယူကြပါလို့ မှာရင်း........တော်သေးပြီ။ ။
စာရေးသူ-နိုရာ